Friday, May 25, 2012
သေရဲတိုင်း သူရဲကောင်းလား...
ဒီခေါင်းစဉ်နဲ့ စာရေးဖို့  ကြိုးစားနေတာကြာပါပြီ။ တကယ်ဆိုရင်အားလုံး သိပြီးသားပေမယ့် ကျွန်တော့်
စိတ်မှာ တွေးစရာလေးတွေ ဖြစ်စေလို့  ရေးမိတာပါ။သူငယ်ချင်းများနှင့်  စကားပြောကြရင်းသူရဲကောင်း နှင့် သတ္တိ ဟူသောအကြောင်း အရာအရောက်မှာ အငြင်းပွားခဲ့ ရပါတယ်။
              သူရဲကောင်းဟူသည်သတ္တိရှိခြင်း၊အသေခံရဲခြင်းတို့ လောက်နှင့် မပြည့် စုံတာယနေ့ လူငယ်များ တော်တော်
များများ သိကြပါသည်။ တစ်ချို့ ညီငယ်များကတော့  သတ္တိရဲ့ ဆိုလိုရင်းကို သိပ်နားမလည် ကြပါ။ သေရဲရင် သတ္တိ ၊
ရိုက်ရဲရင် သတ္တိ ၊ မိုက်ရဲရင် သတ္တိဟုသာ သဘောပေါက်ကာ တလွဲဆံပင်ကောင်းနေကြပါသည်။
                   မြန်မာ့ သမိုင်းမှာ တောင်ငူဘုရင် တပင်ရွှေထီး ကို သိကြပါသည်။ ထိုမင်းသည် တိုက်ရဲ ၊ ခိုက်ရဲ နှင့် 
တကယ်ကို ရဲစွမ်းသတ္တိ နှင့် ပြည့် စုံပါသည်။ နောက်ပိုင်း သေရည် သေရက် ကြောင့် ပျက်ဆီး ရတာတော့ရင်နာ စရာပေါ့။တပင်ရွှေထီး မင်းအဖြစ် ရောက်စ တွင် ဘိသိတ်ပွဲ ၊ နားထွင်းပွဲ ကျင်းပရန် စီစဉ်ပါသည်။ ထိုသို့ စီစဉ် ရာတွင် ငယ်ရွယ်ပြီး ရဲစိတ်ရဲမာန် ထနေချိန် ဆိုတော့ ထူးထူးခြားခြား လေးစီစဉ်ပါသည်။ ဒါကတော့ ရန်သူနယ်မြေ ဖြစ်သော မွန်တို့ ၏နယ် ဟံသာဝတီ တွင် ကျင်းပရန်စီစဉ်ပါသည်။ ရန်သူနယ်မြေ ဖြစ်သဖြင့်  မိမိဘက်မှ တကယ် အစွမ်းရှိသော သူရဲကောင်း များကို ခေါ်ယူသွားရန်စီစဉ်ပါသည်။ သူရဲကောင်းရွေးချယ်ပွဲ ကိုတော့ ယောက်ဖတော်သူ ညီအကိုရင်းသမျှ ချစ်ရသူကျော်ထင်နော်ရထာ(ဘုရင့်နောင်) ကိုတာဝန်ပေးပါသည်။ ကျော်ထင်နော်ရထာကလည်း တကယ်နောက်မတွန့် သောသူရဲကောင်းများရရန်လက်မထိပ်ကိုအပ်စိုက်ကာတူနှင့်ထုပြီး ရွေးပါသည်။ ရွေးရာတွင်
လည်း ကိုယ်တိုင် ရှေ့ မှစမ်းသပ်ခံပါသည်။ လုံးဝနောက်မတွန့်  လက်မရွံ့ သွားသူကိုသာ ရွေးချယ်ပါသည်။
                  ထိုအချိန်တွင် သူရဲကောင်းတစ်ဦး ဖြစ်သော ဗလရဲထင် သည်လည်း ၀င်ရောက်အရွေးခံပါသည်။
တိုက်ရဲခိုက်ရဲ သတ္တိ  နှင့်ပြည်စုံသူပါ။ သူ့ ကိုယ်သူလည်း ယုံကြည်မှု ရှိသည်။သို့ သော် ဗလရဲထင် စမ်းသပ်ခံရာ
တွင် လက်မထိပ် အပ်စိုက်ကာ တူနှင့် အရိုက်ခံနိုင်ခဲ့ သော်လည်း ရိုက်သည့် အချိန်တွင် လက်အနည်းငယ် တွန့် 
သွားမိသည်။ ဒါကို ဂရုစိုက်ကြည့် နေသော ကျော်ထင်နော်ရထာ နှင့် သူရဲကောင်းအများကမြင်သည်။ဘုရင်ဖြစ်
သောတပင်ရွှေထီး ကလည်းမြင်သည်။ ထိုအခါတပင်ရွှေထီး က   ဟယ်...ဗလရဲထင် ၊ မည်သို့ ဖြစ်သနည်း ။
သတ္တိ နည်းလှသလော  ဟု ဒေါသ ဖြစ်ကာ မေးမြန်း ပါသည်။
                   ထိုအခါတွင် ဗလရဲထင် မှာ လူပုံအလယ် ၊ အထူးသဖြင့်  ဘုရင့်ရှေ့ တွင် သူရဲကောင်းအဖြစ်
အရွေးမခံရ ယုံ မက အရှက်တကွဲ အကျိုးနည်း ဖြစ်ရသဖြင့် ကြီးစွာရှက်ရွံ့  မှုကို ခံစားလိုက်ရပါသည်။ထို့ ကြောင့်
ထိုးခွဲကာ ဗိုက်ထဲမှ အူစကို ထုတ်ပြီး  အရှင် မင်းမြတ် ကိုင်ထားသော်မူပါ ဘုရား   ဟုဆိုကာ ကိုင်စေပါသည်။
ထို့ နောက်တွင် ၀မ်းဗိုက် မှ အူများ အဆုံးအထိ ပြေးထွက်ကာ အရှင်မင်းမြတ် ကျွန်တော်မျိုးမှာ သတ္တိ မနည်းပါ
ပြောကာ သေဆုံးသွားလေသည်။ ဗလရဲထင် လူပုံအလယ်တွင် သူရဲကောင်း မဖြစ်ရသဖြင့် အရှက်ကြီးကာ သေ
ရတာက မြတ်သည် ဟုစိတ်ဝယ်မှတ်ကာ မိမိ မှာ အမှန်တကယ် သူရဲကောင်း ဖြစ်ကြောင်း သက်သေပြ သေပွဲဝင်
သွားခြင်းဖြစ်ပါသည်။
                    သို့ သော် ဗလရဲထင် တစ်ယောက် သူသက်သေပြခဲ့သော ဘုရင် တပင်ရွှေထီး ၏နှုတ်ထွက်စကား
ကိုကြားနိုင်ပါလျှင် ကြီးစွာနောင်တ ရလေမည် ။ တပင်ရွှေထီး က ငါ၏ သူရဲကောင်း ဗလရဲထင် သည် သေရဲသည်။
မိုက်ရူးရဲဆန်ပေသည်။ သို့ သော် သတ္တိ ကားမရှိ ဟုမှတ်ချက်ပြုလေသည်။
                      တပင်ရွှေထီး ၏ ထိုစကားသည် သမိုင်းဝင် အသိတရားပေးသော စကားတစ်ခွန်း ဖြစ်ပါသည်။
ထိုဆိုစကားကြောင့် ဗလရဲထင် ၏ သေရခြင်းသည် အချီးနှီး ဖြစ်သွားပါသည်။ တပင်ရွှေထီး ၏ စကားမှာ တွေး
ကြည့် လျှင် မှန်ပါသည်။ သူရဲကောင်း ဟူသည် အောင်မြင်ချိန်တွင် ချီးမြောက်မှုကို ခံယူနိုင် ပါသည်။ သို့ သော်
ကျရှုံးချိန်တွင် လည်း အရှုံးကို ခံယူနိုင်ရပါမည်။ ထိုသို့ မဟုတ်ပါက သူရဲကောင်း မဖြစ်ထိုက်ပါ။ဗလရဲထင် သာ
မိမိ ကိုယ် မိမိ မသက်သေပါက သူရဲကောင်းအဖြစ် နောင်တစ်ချိန်ချိန် တွင် ပြန်လည်ပြီး မှတ်ကြောက်တင်နိုင်
ပါလိမ့်မည်။သူ၏ သေဆုံးခြင်းမှာ အချီးနှီးသေခြင်း သာဖြစ်ပြီး သူရဲကောင်းအဖြစ် မြန်မာ့သမိုင်းမှာ စာမတင်နိုင်
ခဲ့ပါ။
                      မြန်မာ့သမိုင်းတွင် သူရဲကောင်းအဖြစ် သေရသော အဖြစ်များစွာရှိပါသည်။ (၁၃)နှစ်နှင့် စစ်ထွက်
တိုက်ကာသူရဲကောင်းဖြစ်ရသော မင်းရဲကျော်စွာ ၏အကြောင်းကိုတင်ပြ လိုပါသည်။ မင်းရဲကျော်စွာ သည် အင်းဝ
အရှင် ၏ သားတော် ၊ (၁၃) နှစ်နှင့် စစ်တပ်ကို ဦးစီးကာ စစ်တိုက် ခဲ့သော သူရဲကောင်း ဖြစ်ပါသည်။ သူသည်လည်း
တစ်ခါတွင် ဟံသာဝတီ ဘုရင်၏ ဖမ်းဆီးခြင်းကို ခံရပါသည်။ မွန်ဘုရင် သည် သူရဲကောင်းကို မြတ်နှိုးသူဖြစ်ပါသည်။
အသက်ငယ်ငယ် နှင့် ဘုရင့်သားတော် သူရဲကောင်းတစ်ယောက် ကို မသေစေလိုပါ။ ထို့ ကြောင့် သမီးတော် နှင့်
လက်ထပ်ပေးကာ သူကောင်းပြု ပေးဖို့  ကမ်းလှမ်းပါသည်။
                        သို့ ရာတွင် မင်းရဲကျော်စွာ အနေဖြင့်မူ ရန်သူ ၏ အရိပ်အောက်တွင် နေပြီး အသက်ရှင်ရမည်
ကိုမလိုလားပါ။ ထို့ ကြောင့် ငြင်းပယ်ကာ သက်ရန်ကာပြောပါသည်။ အကြိမ်ကြိမ် ပြောရာ တွင်လည်း ငြင်းပယ်မြဲ
ကာ ။ သူရဲကောင်းတစ်ဦး အဖြစ်သေလိုပါ သဖြင့် အမြန်သက်ရန်သာ ပြောပါသည်။ ထို့ ကြောင့်နောက်ဆုံးတွင်
ဟံသာဝတီ ဘုရင် က သူရဲကောင်း တစ်ယောက် မှာသာမာန် သူတို့ လက်ချက် ဖြင့် မသေသင့် ငါကိုယ်တိုင် စီရင်
ကာချီးမြှောက်အံ့ ဟုဆိုကာ အဆုံး စီရင် လိုက်ရ ပါသည်။
                         ထို့ ကြောင့် အသက်ရှင်ပြီး ကောင်းမွန်စွာ နေနိုင်ပါ လျက် တိုင်းပြည်အတွက်အသက် အသေခံ
သွားသော မင်းရဲကျော်စွာ သည် ရှေးကမည်သည့်  အမှားများရှိရှိ ၊  သူ၏သေဆုံးခြင်းက  သူရဲကောင်း  အဖြစ်
သေခြင်းဟု သမိုင်းတွင် မှတ်တမ်း ၀င်သွားပါသည်။ထိုသို့ သော အတုယူဖွယ် သမိုင်း မှတ်တိုင်များ များစွာရှိပါသည်။
                          ကျွန်တော် ကိုနေ သည် သည်ပိုစ့်ကို ညီငယ်များအတွက် ရည်ရွယ်ပါသည်။အမှားအယွင်းများ
ပါပါလျှင် ခွင့်လွှတ်ပါ ဟု တောင်းဆိုရင်း.....
.............................နေခရမ်း